Friday, September 9, 2011

အလုပ်တစ်ခုလုပ်ရင်

အလုပ်တစ်ခုလုပ်ရင် အဆိုးဆုံးအခြေအမေကို ကြိုတွေးထား
ခံနိုင်ရင်လုပ် မခံနိုင်ရင် မလုပ်နဲ့ 
ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်တော့လုပ်


                                                                                                                      နတ်ဆိုးလေး

Thursday, September 8, 2011

လမင်းသို့ တမ်းချင်း...

အမေ...
ခလုတ်ထိလို့တော့ မဟုတ်ခဲ့ပါဘူး ...
ကျွန်တော့အတွက် အားတစ်ခုဖြစ်စေတဲ့
အမည်နာမလေး တစ်ခုပါ.. ..

အမေ...
မကျေနပ်တိုင်း တစ်က ပြန် စရင်း...
ကျွန်တော်ကလေ...
ဟောဒီ ရင်ဘတ် အဟောင်းကြီးနဲ့ ဘ၀မှာ
အမြဲတမ်း တစ်ပြီး ... အသစ်ဖြစ်နေရတဲ့ ကောင်...

အမေ...
"ဆန်ရေ" ဆိုတဲ့ ကဗျာ တစ်ပုဒ်ကို ရွတ်ဆိုနိုင်ဖို့...
ခေတ်ကာလရဲ့  ရေစီးနဲ့ အမေနဲ့ ဝေးရာ ကျွန်တော် မျောရပြန်ပေါ့..
သံပတ်ပေးထားတဲ့ အသိတရားတွေနဲ့...
ကျွန်တော်က ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ...
ကျွန်တော် မပျော်ပေမယ့် မငိုပါဘူး အမေ...

အမေ..
ဘ၀ခရီးက တလမ်းသွားပါပဲ...
စိုင်းထီးဆိုင် သီချင်းထဲမှာ ကျွန်တော်ကြားဖူးတယ်...
အခါခါ ပြန်လှည့်ချင်တဲ့ သားက
အမေ့ကိုတော့ အရှူံးတွေ ချမပြချင်ခဲ့ဘူး..

အမေ...
ငွေ့ရည်ဖွဲ့နေတဲ့ အမေ့ မျက်ဝန်းလို..
ကျွန်တော့ ရင်မှာလည်း စိုထိုင်းဆတွေ သိပ်သည်းလို့...
ဥသြသံ .. ဆယ်နှစ်ရာသီ သာနေတဲ့ အရပ်မှာတောင်..
ကျွန်တော်က လွမ်းခွင့် မရှိဘူးတဲ့ ....

အမေ..
ဒီနေ့.. သာယာပါရဲ့ လား... ရာသီဥတုအပါအ၀င်
အမေရော.. ကျွန်တော်ရော...ကျွန်တော့် အိတ်ကပ်လေးရောပေါ့....
ဘ၀က နေသာထိုင်သာ မရှိသေးရင်တောင်မှ...
နေမညိုခင် အချိန်လေးမှာတော့...
အမေ့သား ကျွန်တော်လေ..... အမေ့ဆီ ပြန်ရောက်ချင်လှပြီ...

အမေနဲ့ ကျွန်တော် ဘယ်တော့မှ မဝေးဘူး

ရာဇ၀င်လာ စာတင်ကာ
မိဘမေတ္တာဆိုတာ ဘာညာ
ပြောကြစမြဲ ဟောကြစမြဲ
စောဒကလည်း တက်ကြမြဲ
ဘာပဲဖြစ်ဖြစ် အမေဟာ အမေ
အမေဟာ အမေပါပဲ အမေ

အမေမွေးလို့ လူဖြစ်
အမေကျွေးလို့ ရှင်သန်
အမေသင်လို့ လမ်းလျှောက်
အမေပေးတဲ့ အလင်းရောင်နဲ့
ကျွန်တော်လမ်းလျှောက်ခဲ့တယ်

လူက မလည်မ၀ယ် စိတ်ကငယ်
လူမမယ် အရွယ်ချိန်တွေတုန်းက
အမေ့ ကြိမ်လုံး ရမ်းခဲ့လိမ့်မယ်
အမေ့ စကား ကြမ်းခဲ့လိမ့်မယ်
သာသမီးအတွက်နဲ့
အမေ့ မျက်ရည် ဖြိုင်သွန်းခဲ့လိမ့်မယ်
ငါ့သား၊ င့ါသမီး ကောင်းဖို့ဆိုတာ
အပ်ကြောင်းထပ်လို့ မြောင်းဖြစ်ထိအောင်
အမေ့ နှုတ်ဖျား စကားတဖွဖွ ဆိုမယ်
မေတ္တာ အခံဓာတ်နဲ့ ဆန်တက်ခိုင်းမယ်
တွန်းကန်ရုန်းတိုး လောကဓံကို အံတုခိုင်းမယ်

အမေ ပြောသမျှ
ကျွန်တော် နားမထောင်ခဲ့ဘူး
ကျွန်တော် ပြောသမျှ
အမေ နားထောင်ခဲ့တယ်
အမေက ပြောမြဲ၊ ကျွန်တော်က ပြောမြဲ

အမေပြောတဲ့ ပုံပြင်တွေ
တစ်ကယ် ဖြစ်လာခဲ့တယ်
ကျွန်တော်ပြောတဲ့ ပုံပြင်တွေတော့
တစ်ကယ်မဖြစ်ခဲ့ဘူး
အမေက ပြုံးမြဲ၊ ကျွန်တော်က ရှုံးဆဲ

အမေ့ကျေးဇူးကြွေးက ကျွန်တော့်လည်ပင်းအထိ
မကြေနိုင် နစ်ရင်းက ထပ်ရင်းတိုးသာ များနေဆဲပဲ
ကျွန်တော်လည်း ရုန်းကန်နေရဆဲ
အမေလည်း ရုန်းကန်နေရဆဲ
အမေရုန်းကန်သမျှက ကျွန်တော်တို့အတွက်
ကျွန်တော်ရုန်းသမျှ အမေ့အတွက်ချည်း မဟုတ်ခဲ့
အမေကတော့ ပြုံးမြဲ ကျွန်တော်ကတော့ ရှုံးဆဲပဲ

အာရုံတော့ နောက်ခဲ့တယ် အမေ
အချိန်ဆယ်လီစိတ်တွေ တိုက်စား
အချိန်က အချိန်ကို မြည်းရင်
ကျွန်တော်လည်း အရွယ်ရ
အမေလည်း အရွယ်ကျလာခဲ့ပြီ
အမေမျက်နှာပေါ်က ပါးရေတွန့်တွေက
ကျွန်တော်ခေါင်းက ဆံဖြူတွေထက်
ပိုများလာခဲ့ပြီ …

ဒီအချိန်အထိ
ကျွန်တော်နဲ့ အမေ အဝေးရောက်သွားတဲ့အခါ
ကျွန်တော်နဲ့ အမေ အနီးပျောက်ရတဲ့ အခါ
အမေနဲ့ ကျွန်တော်
ဆက်သွယ်မှုဧရိယာပြင်ပ ဘယ်တော့မှမရောက်ဘူး
အမေနဲ့ ကျွန်တော်
ဘယ်တော့မှ မဝေးခဲ့ဘူး ဆိုတာတစ်ခုပဲ..
ပြောနိုင်ပါသေးတယ် အမေ။